International News

အိန္ဒိယနိုင်ငံ မဟာရာ့ရှထရာပြည်နယ်မှ ကြက်သွန်နီကုန်သည်များ စတင်ဆန္ဒပြသည့်အတွက် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ မဟာရာ့ရှထရာပြည်နယ်၊ နာရှစ်ခရိုင်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များဆိုင်ရာ ဈေးကွက်ကော်မတီ (Agricultural Produce & Livestock Market Committee- APMC)(၁၅)ခုထံမှ ကြက်သွန်နီများဝယ်ယူလျက်ရှိသော ကုန်သည်(၅၀၀)က ယခုလ(၂၀)ရက်နေ့မှစတင်၍ ဆန္ဒပြမှုများကို အချိန်အကန့်အသတ်မရှိ ပြုလုပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့အနေဖြင့် မန်ဒစ်(mandis)ခေါ် ဒုတိယအဆင့်လက်ကားဈေးကွက်၌ပြုလုပ်သော ကြက်သွန်နီလေလံပွဲများတွင် ပါဝင်ခြင်းမပြုတော့သည့်အတွက် အခြားဒေသအသီးသီးမှ ကြက်သွန်နီထုတ်ကုန်များရောင်းချမှုအပေါ် အကျိုးသက်ရောက်မှုများရှိနိုင်မည်ဟု သိရသည်။

ဗဟိုအစိုးရ၏ဌာနနှစ်ခုဖြစ်သော အိန္ဒိယအမျိုးသားသမဝါယမဝယ်ယူရောင်းချရေးအဖွဲ့ချုပ်လိမိတက် (National Agricultural Cooperative Marketing Federation of India Ltd - Nafed)နှင့် အိန္ဒိယ အမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ချုပ်လိမိတက်(National Cooperative Consumers' Federation of India Limited-NCCF)တို့က နာရှစ်ခရိုင်ရှိ ကြက်သွန်နီတောင်သူ များထံမှ ကြက်သွန်နီများကို ဝယ်ယူပြီး၊ နိုင်ငံအရပ်ရပ်ရှိ APMC များထံ ကုန်သည်များရောင်းချသော ဈေးနှုန်းထက်များစွာနှိမ့်ချ၍ ရောင်းချလျက်ရှိသည်ဟု ကြက်သွန်နီကုန်သည်များက ပြောကြားခဲ့သည်။ ကြက်သွန်နီ (၁၀၀)ကီလိုဂရမ်လျှင် ရူပီးငွေ (၅၀၀) မှ (၇၀၀)အထိ ဈေးနှုန်းကွာဟမှုရှိသည်ဟု အချို့သောကြက်သွန်နီကုန်သည်များ ပြောကြားခဲ့သည်။

အဆိုပါဗဟိုအစိုးရဌာနနှစ်ခုက အခြားသောလက်ကားဈေးကွက်များ၌ ကြက်သွန်နီ(၁၀၀)ကီလိုဂရမ်လျှင် ပျှမ်းမျှရူပီးငွေ (၁၅၀၀)ဝန်းကျင်ခန့်နှင့် ရောင်းချလျက်ရှိသည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကြက်သွန်နီဈေးကွက်တစ်ခုဖြစ်သည့် လာဆယ်ဂွန်(Lasalgaon)APMC ရှိ ပျှမ်းမျှကြက်သွန်နီလက်ကားဈေးနှုန်းမှာ ရူပီးငွေ(၂၀၀၀)ဝန်းကျင်ဖြစ်သည်ဟု ကြက်သွန်နီကုန်သည်တစ်ဦးဖြစ်သူ Kshitij Jain က ပြောကြားခဲ့သည်။

"ကြက်သွန်နီ (၁၀၀)ကီလိုဂရမ်လျှင် သယ်ယူပို့ဆောင်စရိတ် ရူပီး(၃၀၀)နှင့် အလုပ်သမားစရိတ် ရူပီး(၁၅၀)ပေါင်းလိုက်ပါက (၁၀၀) ကီလိုဂရမ်ဈေးနှုန်းမှာ ရူပီး(၂၅၀၀)ဝန်းကျင်ဖြစ်သွားပါတယ်။" ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်နယ်အသီးသီး၌ အဆိုပါအစိုးရဌာနနှစ်ခုက ၎င်းတို့ရောင်းချနေသည့်ဈေးနှုန်းထက် သက်သာသောဈေးဖြင့် ကြက်သွန်နီများကို ရောင်းချလျက်ရှိသည့်အတွက် ၎င်းတို့အနေဖြင့် မည်သို့မျှရောင်းချရန် မဖြစ်နိုင်တော့ကြောင်း အဆိုပါကုန်သည်က ပြောကြားခဲ့သည်။

အဆိုပါ Nafed နှင့် NCCF ဌာနနှစ်ခုစလုံးက နာရှစ်ခရိုင်တွင် ပထမအဆင့်အနေဖြင့် ကြက်သွန်နီ ကီလို ၃၀ သန်းမျှဝယ်ယူခဲ့ပြီး၊ လတ်တလော နောက်ထပ်ကြက်သွန်နီ ကီလို ၂၀ သန်း ထပ်မံဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုလ ၂၀ ရက်(ဗုဒ္ဓဟူးနေ့)မှစ၍ ၎င်းတို့အနေဖြင့် နာရှစ်ခရိုင်ရှိ APMC (၁၅) ခုတွင် ကြက်သွန်နီလေလံပွဲများ၌ပါဝင်ရန် ရက်အကန့်အသတ်မရှိ ရပ်နားထားဖို့ ထုတ်ပြန်ကြေညာထားကြောင်း နာရှစ်ခရိုင်ကြက်သွန်နီကုန်သည်များအသင်းဥက္ကဋ္ဌ Khandu Deore က ပြောကြားခဲ့သည်။ "ကျွန်တော်တို့က Nafed နှင့် NCCF ဌာနများအနေဖြင့် ကြက်သွန်နီကီလိုအမြောက်အများကို APMC များတွင် ရောင်းချမည့်အစား လက်လီဈေးကွက်များ၌သာ ရောင်းချစေလိုပါတယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။"ဒါ့အပြင် အစိုးရက လွန်ခဲ့တဲ့လက သတ်မှတ်ခဲ့သည့် ကြက်သွန်နီပို့ကုန်ခွန် (၄၀)ရာခိုင်နှုန်းကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ လိုလားပါတယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ကြက်သွန်နီ ၁၀၀ ကီလိုဂရမ်လျှင် ကျသင့်သည့် ၁ ရူပီး ဈေးကောက်ခွန်ကိုလည်း ရူပီး ၅၀ ပြားသို့ လျှော့ပေါ့ပေးစေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

ကြက်သွန်နီသည် အိန္ဒိယပြည်သူများစားသုံးသော အဓိကစားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်လျှင် ထိလွယ်ရှလွယ်ကုန်စည်တစ်မျိုးဖြစ်သည့်အတွက် အစိုးရအနေဖြင့် ဂရုပြု၍ ကိုင်တွယ်ထိန်းချုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အစိုးရ၏အဝယ်တော်များဖြစ်ကြသော အိန္ဒိယအမျိုးသားသမဝါယမဝယ်ယူရောင်းချရေးအဖွဲ့ချုပ်လိမိတက်(National Agricultural Cooperative Marketing Federation of India Ltd - Nafed)နှင့် အိန္ဒိယအမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ချုပ်လိမိတက်(National Cooperative Consumers' Federation of India Limited-NCCF)တို့က ကြက်သွန်နီ ဈေးကွက်တွင် အနိမ့်ဈေးဖြင့် ပြန်လည်ရောင်းချပေးလျက်ရှိသည့်အပေါ် အခြားကြက်သွန်နီကုန်သည်များက မကျေမနပ်ဖြစ်လျက်ရှိသည့်အနေအထားဖြစ်ပါသည်။

ပြီးခဲ့သည်လက အိန္ဒိယအစိုးရမှ ထုတ်ပြန်ခဲ့သော ကြက်သွန်နီပို့ကုန်ခွန်(၄၀)ရာခိုင်နှုန်း စည်းကြပ်ကောက်ခံရန်ကိစ္စတွင် အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်းသတ်မှတ်ချက် မပါဝင်သည့်အတွက် ပြည်နယ်အသီးသီးနှင့် ကုန်တင်ဆိပ်ကမ်းအသီးသီးတို့တွင် မမျှတသောဈေးနှုန်းတွက်ချက်မှုများဖြစ်ပေါ်နိုင်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ထောက်ပြဝေဖန်ခဲ့ကြသည်။ ဈေးကွက်စီးပွား ရေးစနစ်၏ မူလသဘောတရားသည် ဝယ်လိုအား၊ ရောင်းလိုအားအပေါ်အခြေခံ၍ ဈေးကွက်ပေါက်ဈေးကို သတ်မှတ်ရောင်းဝယ်သည့်စနစ်ဖြစ်ရာ တစ်ခါတစ်ရံ အစိုးရ၏ဝင်ရောက်စွက်ဖက်မှုကြောင့် ပုံမှန်လည်ပတ်နေသည့် ဈေးကွက်အခြေ အနေကို ယိုယွင်းထိခိုက်စေနိုင်၍ သတိကြီးစွာထားကာ ဆောင်ရွက်သင့်ကြောင်း အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီဈေးကွက်တွင် လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေအပေါ် သိရှိနိုင်ရေး သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Times of India သတင်းဌာန၊ “Maharashtra onion traders to go on strike from today, prices may rise”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

The Times of India သတင်းဌာန၊ “Why onion traders want government to set a floor price for export duty”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News